Wednesday, May 8, 2013

ပုသိမ်မြို့  ဘုရားပွဲတော် နှင့် လုပ်ငန်းများ အကြောင်း
tarwadaintar pagoda

တာဝတိံသာဘုရားဆင်းပွဲတော်

သာဝတိံသာဘုရားဆင်းပွဲတော် ကိုသီတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့တွင် ပုသိမ် မြို့ သာဝတိံသာအရပ်၌ နှစ်စဉ်ကျင်းပပါသည်။ ပုသိမ်မြို့သာဝတိံသာအရပ်တွင် အုတ် အင်္ဂတေတို့ဖြင့် အခိုင်အမာတည်ဆောင်ထားသော မြင့်မိုရ်တောင် နတ်စောင်း တန်းကြီး အတိုင်း ဗုဒ္ဓဘုရားရှင်သည် သာဝတိံသာနတ်ပြည်မှ လူ့ပြည်သို့ဆင်းကြွလာပုံကို သရုပ် ဖေါ်ပူဇော်သည့်ပွဲဖြစ်ပါသည်။


ကုသိန္နာရုံဘုရားပွဲတော်

ပုသိမ်မြို့ ကုသိန္နာရုံ အရပ်တွင် နှစ်စဉ် တန်ဆောင်မုန်းလဆန်း(၁၄) ရက်နေ့မှ လပြည့် ကျော် (၁)ရက်နေ့ အထိကျင်းပသည်။ ဗုဒ္ဓဝင်လာ ဥဂ္ဂါမြို့၊ ဥဂ္ဂိသေန သူဌေးကြီး၏ ချွေးမ (အနာထပိဏ်သူဌေးကြီး၏ သမီး) စူဠသုဘဒ္ဒါထံ မြတ်စွာဘုရား ကြွလာတော်မူပုံကို သ ရုပ်ဖေါ်ပူဇော်သော ပွဲတော်ကြီးဖြစ်ပါသည်။ ကုသိန္နာရုံကျောင်းဝင်းအတွင်းတည်ဆောက် ထားသော  အုတ်စောင်းတန်းကြီပေါ် သို့ဘုရားဆောင်နှင့် ၊ ရဟန္တာဆောင်များ ကိုတင်၍ အခမ်းအနား ကိုပွဲတော်ခံကြသည်။ တန်ဆောင်မုန်း လပြည့်နေ့ တွင်ဆွမ်းတော်ကပ်ကြ သည်။

နိဂြောဓါ ဘုရားပွဲတော်

ပုသိမ်မြို့တွင် နှစ်စဉ် နတ်တော်လတွင် စတင်ကျင်းပလေ့ရှိပါသည်။ ဗုဒ္ဓဝင်တွင်ပါရှိသော ဖြစ်စဉ်တော်များကို ကဏ္ဍများခွဲ၍ ကျင်းပခြင်းဖြစ်ပါသည်။ နိဂြောဓါ ဗျာဒိတ်ပေးဘုးရား ကြီးကိုရပ်ကွက်များတွင် ပင့်ဆောင်၍ပူဇော်ကြပါသည်။ နိဂြောဓါ ဗျာဒိတ်ပေးဘုးရားကြီး နှင့် ရဟန္တများမြို့တွင်းသို့လှည့်လည် အပူဇော်ခံခြင်းနှင့် ရှမ်းကုန်သည်လှည့်လည်ပွဲသည် အထင်ရှာဆုံးဖြစ်သည်။ ဤပွဲတော်သည် ပွဲတော်အစမှ အဆုံးထိ (၂) လခန့်ကြာမြင့်ပါ သည်။

ပုသိမ်ထီးလုပ်ငန်း

ပုသိမ်ထီး ကိုမြန်မာနိုင်ငံ၏ မြစ်ဝကျွန်းပေါ်ဒေသဖြစ်သော ဧရာဝတီတိုင်း၏ မြို့တော် ပုသိမ်မြို့တွင် ပြုလုပ်သည်ကို ကမ္ဘာကကောင်းကောင်း သိကြပါသည်။ လွန်ခဲ့သော နှစ် ပေါင်းတစ်ရာကျော်ထဲက ပုသိမ်မြို့တွင် ထုပ်လုပ်ခဲ့တာ ယနေ့တိုင်ပါ။ အိမ်တွင်းလက်မှု လုပ်ငန်း အနေနှင့်သာပြုလုပ် လာခဲ့တာပါ။ ယခင်ကစက္ကူဖြင့်သာ ပြုလုပ်ခဲ့သော်လည်း ယခုမူကား ချည်သား ပိုးသား ဖဲသားတို့ဖြင့် သစ်လွင်ဆန်းပြား နှစ်လိုဖွယ်ဖြစ်အောင် ထုတ်လုပ်လာကြသည်။ ပုသိမ်ထီးကို ပုသိမ်မြို့၏ အဓိကရလက်ဆောင် အဖြစ်ပေးကြ ပါသည်။

ပုသိမ်ဟာလဝါလုပ်ငန်း

ပုသိမ်ဟာလဝါကို မြန်မာနိုင်ငံ၏ မြစ်ဝကျွန်းပေါ်ဒေသ ဧရာဝတီတိုင်း၏မြို့တော် ပုသိမ် မြို့တွင် ထုတ်လုပ်သောကြောင့် ပုသိမ်ဟာလဝါဟု လူသိများကြသည်။ လွန်ခဲ့သော နှစ် ပေါင်း (၁၀၀) လောက်ထဲက ထုတ်လုပ်လာကြခြင်း ဖြစ်သည်။ ပုသိမ်ဟာလဝါကို ပုသိမ် မြို့၏ နေရာတိုင်းလိုလို မှာဝယ်ယူနိုင်ပါသည်။ ပုသိမ်ကို အလည်ရောက်လာသူတို့ အ တွက် ပုသိမ်ဟာလဝါသည် ပုသိမ်ပြန် အကောင်းဆုံး လက်ဆောင်မွန်ပါ။

 ပုသိမ်မြို့  ၏ သမိုင်း

ပုသိမ်မြို့သည် ဧရာဝတီတိုင်း၏မြို့တော်ဖြစ်ပြီး ၁၉၈၃ ခုနှစ်စစ်တမ်းအရ လူဦးရေမှာ (၁၄၄၀၉၂) ဦး ဖြစ်သည်။ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ၏ အနောက်ဘက် ပုသိမ်မြစ်(င၀န်မြစ်) ကမ်းဘေးတွင် တည်ရှိကာ ရန်ကုန်မြို့မှ အနောက်ဘက် ကီလိုမီတာ ၁၉၀ (၁၁၈ မိုင်)ခန့်ကွာဝေးပါသည်။ ပင်လယ်မှဝေးကွာသော်လည်း ရန်ကုန်ပြီးလျှင် ပင်လယ်ကူး သင်္ဘောကြီးများ ဆိုက်ကပ်နိုင်သည့် အရေးကြီးသည့် မြစ်ဝကျွန်းပေါ် ဆိပ်ကမ်းမြို့ဖြစ်သည်။ ထို့ပြင် မီးရထားလမ်းဆုံး မြီု့လည်းဖြစ်သည်။ ပုသိမ်မြို့မှာ ဆန်ကြိတ်ခွဲတင်ပို့သည့် အဓိကမြို့တစ်မြို့လည်း ဖြစ်ပါသည်။ ၁၈၂၆ ခုနှစ် ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲအပြီး ဗြိတိသျှတပ်များ ခံတပ်တည်ဆောက်ခဲ့သည့် နေရာလည်းဖြစ်သည်။
    ယခုအခါ ပုသိမ်မြို့မှာ ဗုဒ္ဓဘာသာဘုရား ကျောင်းကန်များ၊ ပုသိမ်ထီး လုပ်ငန်းများဖြင့် စည်ကားလျက်ရှိပြီး ငြိမ်းချမ်းသာယာသည့် လှပသောဆိပ်ကမ်းမြို့ ငယ်လေးတစ်မြို့အဖြစ်ရပ်တည် လျက်ရှိပါသည်။ ဝါးကိုအခြေခံပြီး လက်မှုပညာဖြင့်ပြုလုပ်သော အရောင်အသွေးစုံလင်သည့် ပုသိမ်ထီးဖြင့် မြန်မာနိုင်ငံ၏ ကျော်ကြား သည့်အရာ တစ်ခုဖြစ်ပါသည်။ တစ်ချိန်က ပုသိမ်မြို့သည် မွန်ဘုရင်အုပ်ချုပ်သည့် ဒေသတစ်စိတ်တစ်ပိုင်း ဖြစ်ခဲ့သော်လည်း ယခုအခါ မွန်ယဉ်ကျေးမှု အငွေ့အသက် အနည်းငယ်သာကျန်ရှိပြီး မွန်လူမျိုးများစွာမှာလည်း ကရင်နှင့် ရခိုင်တို့ ထက်နည်းပါးသည်ကို တွေ့ရပေမည်။
    ပုသိမ်မြို့အဓိက လည်ပတ်စရာတစ်ခုမှာ ရွှေမုဋ္ဌောဘုရားဖြစ်ပြီး ဘီစီ ၃၀၅ ခုနှစ်တွင် အိန္ဒိယရှိ အာသောက ဘုရင်မှ စတင်တည်ထားကိုးကွယ်ခဲ့သည်ဟု ယုံကြည်ခဲ့ကြသည်။ အေဒီ ၁၁၁၅ ခုနှစ်တွင် ပုဂံပြည့်ရှင် အလောင်းစည်သူမင်းက စေတီတော်ကို (၁၁) မီတာ(၃၆ ပေခန့်) အမြင့်ထိ တည်ထားခဲ့ပြန်ပါသည်။ ထိုမှတစ်ဖန် အေဒီ ၁၂၆၃ တွင် သမုဒ္ဒဃောသဘုရင်က မီတာ၄၀(၁၃၁ပေခန့်) အမြင့်ထိ ထပ်မံတည်ထားခဲ့ပါသည်။ ယခုအခါ ရွှေမုဋ္ဌောစေတီတော် မြတ်၏ ဥာဏ်တော်မှာ ၄၆.၆ မီတာ (၁၅၂ ပေခန့်) ထိရှိနေပြီး ဖြစ်ပါသည်။ စေတီတော်မြတ်ထီးတော် ၏အပေါ်ပိုင်းကို ရွှေအလေးချိန် ၅.၃ ကီလိုဂရမ် (၃ ပိဿာ ၉၃ ကျပ်သားခန့်) ဖြင့်လည်းကောင်း၊ အလယ်ပိုင်းကို ငွေဖြင့်လည်း ကောင်း၊ အောက်ပိုင်းကို ကြေးနီဖြင့်လည်းကောင်း ပြုလုပ်ထားပြီး စိန် (၈၂၉)လုံး၊ ပတ္တမြား (၈၄၃) လုံးနှင့် အဖိုးတန် ကျောက်မျက်ရတနာ (၁၅၈၈) လုံးတို့ဖြင့် ကြည်ညို သပ္ပါယ်ဖွယ်ရာ လှူဒါန်း ကြည်ညိုခဲ့ကြပါသည်။

ချောင်းသာကမ်းခြေ သို့ အလည်တစ်ခေါက်

ချောင်းသာကမ်းခြေ သည် ပုသိမ်မြို့အနောက်ဘက် ကီလိုမီတာ ၄၀ (၂၅ မိုင်) အကွာတွင်တည်ရှိပြီး ရန်ကုန် မြို့မှကားဖြင့် (၅) နာရီခန့်မောင်းလျှင် ရောက်ရှိနိုင်ပါသည်။ ချောင်းသာကမ်းခြေမှာ စိတ်ဝင်စားဖွယ် ကျယ်ပြန့်သော ကမ်းခြေတစ်ခုဖြစ်၏။ ကျယ်ပြန့်သောသောင်ပြင်၏ နောက်ဘက်တွင် အုန်းပင်များသာမက ပင်လယ်ကဗွီးပင် များကို လည်းတွေ့နိုင်၏။ ကမ်းမှမျှော်ကြည့်လျှင် ကျွန်းငယ် နှစ်ကျွန်းကို လှမ်းမြင်နိုင်မည်ဖြစ်သည်။
    ချောင်းသာကမ်းခြေမှ ဂဏန်းအစားအစာမှာ အရသာရှိသလို လတ်ဆတ်သောအုန်းရည်မှာလည်း လူများကိုလန်း ဆန်းစေနိုင်ပါသည်။ ကမ်ေးခြတစ်လျှောက်တွင် ခေတ်မီလှပသော ဘန်ဂလိုများ ဟိုတယ်များ မိုတယ်များရှိသည်။ မြန်မာနိုင်ငံသည် မပျက်စီးသေးသည့် ကမ်းခြေဒေသများ ငြိမ်သက်နေသည့် ပင်လယ်ပြင်များ၊ သန့်ရှင်းပြီး ကျယ်ပြန့် သည့် သဲသောင်ကမ်းခြေများ စသည့် ကြွယ်ဝသည့် သဘာဝပတ်ဝန်းကျင်များကို ပိုင်ဆိုင်သည့်နိုင်ငံဖြစ် သည်။ ၁၉၉၀ ပြည့်နှစ်နောက်ပိုင်းတွင် ချောင်းသာကမ်းခြေအပန်းဖြေစခန်းမှာ ကျော်ကြားလူသိများလာသည်။ ချောင်းသာကမ်းခြေ မှာ ရန်ကုန်မြို့မှ ၁၅၄ မိုင်ခန့်ကွာဝေးပြီး နိုင်ငံခြားသားများအတွက် နေ့တစ်ဝက်ခန့်နှင့် အလွယ်တကူ ရောက်နိုင်သော အနီးဆုံးပင်လယ်ကမ်းခြေအပန်းဖြေ စခန်းတစ်ခုဖြစ်သည်။
    သစ်ပင်များနှင့်အုန်းလက် များကြားဖြတ်သန်း တိုက်ခတ်လာသော လေညှင်းသံ ကိုနားထောင် ရင်းမှေးစက် မှုမှာ လှိုင်းရိုက် ခတ်သံများကို လွှမ်းမိုးနိုင်ပါသည်။ သာယာသော လေညှင်းအလယ်မှာ ကြိမ်ကုလားထိုင် ဖြင့်ထိုင်ရင်း အ ပန်းဖြေကာ သင်၏ပူပင်သောကနှင့် စိတ်ဖိစီးမှုများကို လွင့်စင်ကွယ်ပျောက်စေနိုင် မည်ဖြစ်ပါသည်။
    ကမ်းခြေသောင်ပြင်မှာ ကစားမည်ဆိုပါက ကစားနိုင်ပြီး ပင်လယ်ရေထဲဆင်းကာ လှိုင်းလုံး ကြီးများစီး လည်းပျော် ရွှင်စွာကစားနိုင်ပါသေးသည်။ သို့မဟုတ်ပါက ရှည်လျားသည့်ကမ်းခြေ တစ်လျှောက်ရိုးရာ နွားလှည်းစီး၍လည်းအ ပမ်းဖြေနိုင်ပါသည်။
    ကမ်းခြေတစ်လျှောက် လမ်းလျှောက်ရင်း အနီးရှိကျေးရွာများသို့ သွားရောက်လည်ပတ်ကာ ဒေသအစားအစာများ ကို လေ့လာမှတ်သားနိုင်ပါသည်။ ၄င်းပြင် ခရုခွံများနှင့် တန်ဆာဆင်ထားသော တန်ဖိုးနည်း လက်ဝတ်ရတနာများ တောက်ပသည့်ခရု ကမာငယ်များ ပုလဲထွက်မုတ် ကောင်ခွံများ တန်ဆာဆင်ထားသည့် ကြီးမားသော ကျောက်ပုစွန် နှင့်ဂဏန်းခွံများ ကျောက်ဖြစ်ရုပ်ကြွင်း ပင်လယ်ကျောက်ခက်များနှင့် သန္တာကျောက်ခက်များကို အိမ်ပြန်အမှတ်တရ လက်ဆောင်အဖြစ် လက်ဆောင်အဖြစ်ဝယ်ယူနိုင်ပါသည်။
    ဟိုတယ်သို့အပြန်ခရီးတွင် အလွန်စိတ်ဝင် စားဖွယ်ကောင်း သည့်လှပပြီးတောက်ပသည့် ကောင်းကင်ကြီး နှင့်အတူ နီရဲသည့်နေလုံးကြီး၊ အပြာရောင် အိန္ဒိယသမုဒ္ဒရာထဲသို့ တဖြည်းဖြည်း ငုတ်လျှိုးဝင်ရောက်ပုံကို ကြည်နူးမှု များစွာဖြင့် တွေ့မြင်ခံစားရမည် ဖြစ်ပါသည်။
    ချောင်းသာမှာ ငွေဆောင် နှင့်နှိုင်းယှဉ်လျှင် ရွှံ့အနည်းငယ်ရော(ရှိ)သည့်ကမ်းခြေဖြစ်ပါသည်။ သို့ရာတွင် ပင်လယ် အစားအစာများမှာ ဈေးနှုန်းသင့်တင့်မျှတခြင်း၊ ဟိုတယ်များမှာအတန်းလိုက်ရှိပြီး အခန်းခများမှာ သင့်တင့်မျှတခြင်းတို့ မှာ ချောင်းသာကမ်းခြေ ၏အားသာချက်များ ဖြစ်ပါသည်။ 

ငွေဆောင်ကမ်းခြေ သို့ အလည်တစ်ခေါက်

ငွေဆောင်ကမ်းခြေ အပန်းဖြေ စခန်းကို ၂၀၀၀ ခုနှစ်မှစတင်ဖွင့်လှစ်ခဲ့ပြီး မြန်မာနိုင်ငံ၏ အသာယာဆုံးနှင့် ချစ်စ ရာအကောင်းဆုံး ကမ်းခြေတစ်ခုဖြစ်သည်။ ပုသိမ်မြို့မှ အနောက်ဘက်သို့ ၄၈ ကီလိုမီတာ(၃၀) မိုင်ခန့် ကွာဝေးပြီး ဘင်္ဂလားပင်လယ်အော်သို့ မျက်နှာမူလျက်ရှိပါသည်။ ကြည်လင်ပြီး အပြာရောင်ရှိသည့် ပင်လယ်ပြင်၊ ဖြူဖွေးသည့် လှိုင်းလုံးများ၊ လှပသည့်သဲသောင်ပြင်များနှင့် သဘာဝအတိုင်း ညစ်ညမ်းမှုကင်းစင်သည့် ပတ်ဝန်းကျင်များတွင် အား လပ်ရက်အနားယူ အပန်းဖြေမည့်သူများအတွက် အမှန်တကယ် ရွေးချယ်ပြီး သွားရောက်သင့်သည့် နေရာတစ်ခု ဖြစ် သည်။
    မြောက်ဘက်ဇီးမော်မှ တောင်ဘက်မကျီးမော် ထိရှည်လျားသည့် ငွေရောင်ကမ်းခြေမှာ (၁၅) ကီလိုမီတာ (၁၀မိုင်နီးပါးခန့်) ရှည်လျားပါသည်။ ငွေဆောင်ကမ်းခြေ၏ သဘာဝအလှဆွဲဆောင် မှုများမှာ အပူပိုင်းသစ်တောကြီး များနှင့် ရခိုင်ရိုးမနောက်ခံနှင့်အတူ အပြာရောင်ပင်လယ်ပြင်၊ ကျယ်ပြန့်ရှည်လျားသည့် သဲသောင်ပြင်၊ ငွေရောင် သဲမှုန် များနှင့် သာယာလှပသည့် ကျောက်ဆောင် ကျောက်တန်းများပင်ဖြစ်ပါသည်။။
    ကမ်းခြေတစ်လျှောက် သဘာဝနှင့် သဟဇာတဖြစ်အောင် ဆောက်လုပ်ထားသည့် ဟိုတယ်များ၌လည်း ကျွမ်းကျင် သည့် ဟိုတယ်ဝန်ထမ်းများက သင်၏လိုအပ်ချက်များကို ဂရုစိုက် ဖြည့်ဆည်းပေးနိုင်ပေလိမ့်မည်။ အဆိုပါ ဘန်ဂလို (ဟိုတယ်)များမှာ အရည်အသွေးပြည့်ဝသည့် ဝန်ဆောင်မှုများဖြင့် နိုင်ငံခြားခရီးသွား ဧည့်သည်များနှင့် ပြည်တွင်းဧည့် သည်များအတွက် ငြိမ်သက်အေးချမ်းသည့် နိဗ္ဗာန်ဘုံသဖွယ် အပန်းဖြေနိုင်အောင် ဆောင်ရွက်ပေး နိုင်ပေမည်။ သဲ သောင်ပြင်တွင် ပျော်ရွှင်စရာ ကစားနည်းများဖြင့် ကစားနိုင်ခြင်း၊ အသက်ကယ် ဗော်ယာနှင့် အမြန် ရေယာဉ်ငယ်တို့ဖြင့် ပင်လယ်ပြင်တွင် ကစားနိုင်ခြင်း၊ ကမ်းခြေတစ်လျှောက် စက်ဘီးစီးခြင်းနှင့် မြင်းစီးခြင်းဖြင့်တို့ ဖြင့်လည်း အနားယူနိုင်ပါ သည်။
    ပူပင်သောကများ စိုးရိမ်စိတ်များကိုဖြေဖျောက်ရန်နှင့် ကိုယ်စိတ်နှစ်ဖြာ ပြန်လည်ကျန်းမာ ရွှင်လန်းလာစေရန် ရံဖန် ရံခါ အနားယူအပမ်းဖြေသင့်သည်မှာ လူသားတို့၏ လိုအပ်ချက်တစ်ရပ်ပင် ဖြစ်ပါသည်။ ကုန်သွားသော ဘက်ထရီကို ပြန်လည်အားသွင်းခြင်း၊ ကုန်ခမ်းသွားသော energy ကို ပြန်လည်အားဖြည့်ခြင်း စသည်တို့မှာ အမှန်တကယ် လိုအပ် ချက် တစ်ရပ်ပင်ဖြစ်ပါသည်။
    အုန်းပင်တန်းများအလယ် လေညှင်းများနှင့်အတူ အမှတ်ရစရာ၊ ကမ်းခြေငွေဆောင်မှ အပမ်းဖြေလိုသူများ ဧည့်သည်များကို နွေးထွေးလှိုက်လှဲစွာ ကြိုဆိုလျက်ရှိပါသည်။

မြတ်မော်တင်စွန်း သို့ အလည်တစ်ခေါက်

  မော်တင်စွန်း သည် ပုသိမ်မြို့ ရှိလူအများ၏ စိတ်ဘဝင်ကို ညှို့ယူ ဆွဲဆောင်နိုင်သော နေရာများထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။ ကမ္ဘာ လှည့်ခရီးသည်များ လှည့်လည်နေကျဖြစ်သော မော်တင်စွန်းဘုရားသို့ သွားရောက် လည်ပတ်ခဲ့ခြင်းမရှိလျှင် သင်၏ခရီးသွားလည်ပတ်ခြင်း သည် မပြီးပြည့်စုံဘဲရှိ နေလိမ့်မည်။ ဘုရားကျောင်းများ၏ ဗိသုကာပ ညာရပ်ကို စိတ်ဝင်စားမှု ကြီးစွာရှိလျှင် သင်သည် မော်တင်စွန်းဘုရား သို့ သွားရောက်လည် ပတ်ခြင်းမရှိဘဲ နေနိုင်မည် မဟုတ်ပေ။ တရုတ် ဂျပန် ကိုရီးယား ဗီယက်နမ် နှင့် အာရှတိုက် အတွင်းရှိ အခြားနေရာ ဒေသများ အတွင်းရှိစေတီပုထိုး များကဲ့သို့ပင် ပုသိမ်မြို့၏ တောင်ဘက်စွန်းရှိ မော်တင်စွန်း ဘုရားသည်လည်း ကမ္ဘာလှည့်ခရီးသည်များကို စွဲဆောင်မှုရှိသော နေရာများအနက် ထင်ရှားသော နေရာတခုအဖြစ် နေရာယူလျက်ရှိသည်။
    ဘုရားပွဲတော်ကိုလည်း ထူးခြားထည်ဝါစွာ ကျင်းပလျက်ရှိသည်။ ပုသိမ်ခရိုင်အတွင်း မော်တင်စွန်းဘုရား တည်ရှိ နေခြင်းသည်ပင်လျှင် ပုသိမ်မြို့အတွက် ဂုဏ်ယူဝံ့ကြွားစရာပင် ဖြစ်ပါသည်။ ဘုရားပွဲ သို့သွားရောက် ဖူးမြော် ခြင်းဖြင့် ပုသိမ်မြစ်၏ ကပ္ပလီပင်လယ်အတွင်း ပေါင်းစည်းစီးဝင်သွားပုံ ထိုမှတဆင့်မော်တင်စွန်း အငူကိုလည်း ထင်ရှားစွာတွေ့ မြင်နိုင်ပါသည်။ မြန်မာပြက္ခဒိန်အရ တပေါင်းလတွင် ဘုရားပွဲတော်ကို စည်းကားသိုက်မြိုက်စွာကျင်းပပြီး အင်္ဂလိပ် ပြက္ခဒိန်အရ ဖေဖေါ်ဝါရီလနှင့် မတ်လအတွင်း၌ ဖြစ်ပါသည်။ ပင်လယ်ကမ်းစပ်ရှိ အငူဘေး၌ဘုရားတည်ရှိ နေခြင်း သည်ပင်လျင် ကမ္ဘာလှည့်ခရီးသည်များကို အထူးစွဲဆောင် နေသည်ဟု ယူဆမိသည်။
    စိတ်ဝင်စားစရာ အကောင်းဆုံး အချက်မှာ ဘုရားကျင်းပသည့် အချိန်မှတပါး တနှစ်ပတ်လုံး ရေဝပ်နေ ခြင်းဖြစ်သည်။ ပွဲတော်အချိန် တွင်ပင်လယ်ရေသည် ဘုရားရင်ပြင်တော်မှ ကောင်းစွာလွတ်ကင်း သောနေရာသို့ ရောက်ရှိနေသည်။ ပွဲတော်အတွင်း ဘုရားပတ်ပတ် လည်တွင် ခုံတိုခုံရှည်မျိုးစုံကို ခင်းကျင်းထားပြီး ထိုခုံတိုခုံရှည်များပေါ် တွင် ဘုရားဖူးများမှ ပစ္စည်းမျိုးစုံ ပူဇော်ဆည်းကပ်ကြသည်။ ဘုရားတွင်ပူဇော်ထားသော ဒေသထွက် ပစ္စည်းမျိုးစုံ၊ ပင်လယ်စာမျိုးစုံ၊ အရောင်အသွေးစုံလင်ပြီး စွဲဆောင်မှုရှိသော ပန်းမျိုးစုံ တို့ကို တွေ့မြင်ခံစား ကြရမည် ဖြစ်ပါသည်။
    ပွဲတော်အချိန်တွင်း ဘုရားဖူးများ တည်းခိုရန် ဝါးဖြင့်သည်ဆောက်ထားသော တည်းခိုအိမ်လေးများ တည်ဆောက် လေ့ရှိသည်။ ဘုရားပွဲပြီးလျင်ပြီးခြင်း ကမ်းခြေသို့ ပင်လယ် ရေအနည်းငယ် တက်လေ့ရှိသည်။ ထို့ကြောင့် မော်တင်စွန်း ဘုရားသည် ပင်လယ်ထဲတွင် ရှိသယောင် ထင်ရသည်။ ထို့ပြင် မော်တင်စွန်းဘုရားမှ မြန်မာနိုင်ငံအတွင်းရှိ လူသိများ ထင်ရှားသောကမ်းခြေ များဖြစ်သည့် ချောင်းသာ နှင့် ငွေဆောင်ကမ်းခြေ များသို့ အချိန် (၃) နာရီခန့်ပေးရုံမျှဖြင့် တည် ငြိမ်အေးချမ်းစွာ ဆက်လက် ခရီးနှင်နိုင်ပါသည်။

ဇလွန်မြို့ သို့ အလည်တစ်ခေါက်

  ဇလွန်မြို့ သည် ဧရာဝတီတိုင်းအတွင်းရှိ သေးငယ်သော မြို့လေးတစ်မြို့ဖြစ်ပြီး ရန်ကုန်မြို့မှ မိုင် (၅၀) ခန့်ကွာ ဝေးသည်။ ဧရာဝတီမြစ်၏ အရှေ့ဘက်ကမ်းပါး ဟင်္သာတမြို့၏ အရှေ့တောင်ဘက် (၁၆) မိုင်အကွာတွင် တည်ရှိပြီး ညောင်တုန်းမြို့မှ ကူးတို့လှေဖြင့် နေ့ချင်းပြန်ခရီးသွားနိုင်ပါသည်။ တစ်စုံတစ်ယောက်မှ လွတ်လပ်မှု ပျော်ရွင်မှုကိုနှစ် သက်မြတ်နိုးသော သာမာန်နိုင်ငံခြားခရီးသည်ကို ဘယ်အရာက ပိုဆွဲဆောင်မှု ရှိမည်နည်းဟုမေးလျှင် ကျေးလက်နေ လူနေမှုဘဝကို တစေ့တစောင်းကြည့် ရှုလေ့လာခြင်းမှတပါး အခြားမရှိဟု အဖြေထုတ် ကြလိမ့်မည်။
      သို့သော် ဗုဒ္ဓဘာသာမြန်မာ လူမျိုးများအတွက် ဇလွန်သို့ တခါတခေါက်အလည် အပတ်သွားခြင်းသည် မွန်မြတ် သော ဘုရားဖူးခရီးတခုပင် ဖြစ်ပေသည်။ ထိုသို့ဇလွန်မြို့ တည်ရှိနေခြင်းသည် မြန်မာနိုင်ငံအတွက် နှစ်ထောင်းအားရ ဂုဏ်ယူဝံ့ကြွားစရာပင် ဖြစ်သည်။ ဘုရားဖူးပြည်သူများကလည်း မာရ်အောင်မြင် ပြည်တော်ပြန် ဘုရားကြီးသို့သွား ရောက်ဖူးမြော်ဆုတောင်းခြင်းဖြင့် မိမိတို့တွင် စွမ်းအင်၊ စွမ်းအားများ တိုးတက်ရရှိ သကဲ့သို့ခံစား ရသည်ဟု ယုံကြည် ကြသည်။ ရွှေရောင်တဖိန့်ဖိန့် တောက်နေသော ဘုရားကျောင်းဆောင် ၏အလည်ဗဟိုတွင် မာရ်အောင်မြင်ပြည်တော် ပြန်ဘုရားကြီး အားသပ္ပယ်စွာ ဖူးတွေ့နိုင်ပါသည်။
      မြေသားညီညာပြန်ပြူးပြီး၊ များပြားလှသော မန်ကျည်းပင်ကြီးများ ပေါက်ရောက်လျက်ရှိသကဲ့သို့ ကိုင်းများဖြာ ထွက်နေသော ညောင်ပင်ကြီးတစ်ပင်လည်းရှိသည်။ ထိုညောင်ပင်ကြီးအောက်တွင် အဝိုင်းပုံစံပလ္လင်ထားရှိပြီး ဤဘဒ္ဒ ကမ္ဘာ၌ ပွင့်တော်မူပြီးသော ကကုဿန် ၊ ကောဏဂုံ ၊ ကဿဖ နှင့် ဂေါတမ ဘုရား ရုပ်ပွါးတော် များအား ပလ္လင်၏ သင့်တော်သောနေရာများတွင် တည်ထားသည်။ တစ်နိုင်ငံလုံးရှိ ဘုရားဖူးဧည့်သည်များ ၊ ရန်ကုန်မြို့နှင့် အနီးတဝိုက်ရှိ မြို့ရွှာများမှ ဘုရားဖူးများ စနေနှင့် တနင်္ဂနွေနေ့များတွင် လာရောက်ဖူးမြော် ဆုတောင်းကြသည်။ မနက်ပိုင်းတွင် မိသားစုများ လာရောက်ဖူးမြော်ကြကာ တနေ့တာလုံး အချိန်ကုန်စေပြီး နေအပူချိန် လျော့ကျသွားမှ ပြန်လည်ထွက် ခွာကြပါသည်။

1 comment:

  1. ချစ်သူငယ်ချင်းများကို လှိုက်လှဲစွာဖိတ်ခေါ်အပ်ပါသည်

    ReplyDelete